ကားဘရိတ်ပြုပြင်သင့်နေပြီဆိုတာ ဘယ်လိုသိနိုင်လဲ
----------------------------------------------------------------------
မော်တော်ကားရဲ့ ဘရိတ်စနစ်ဆိုတာ အရမ်းအရေးကြီးတဲ့စနစ်ဆိုတာ အားလုံးသိထားပြီးသားဖြစ်ပါတယ်။ အင်ဂျင်ဂီယာမကောင်းလို့ ကားထိုးရပ်သွားနိူင်ပေမယ့် ကားဘရိတ်မကောင်းရင်တော့ အန္တရာယ်ကြီးကြီးမားမားကြုံတွေ့နိူင်ပါတယ်။ ဒါကြောင့် ကားဘရိတ်စနစ်ကိုလည်း ပုံမှန်စစ်ဆေးပြုပြင်မှုပြုလုပ်သင့်တာဘဲဖြစ်ပါတယ်။
ကားဘရိတ်စနစ်မှာ ရှေ့ဘရိတ်ကို ဒစ်ဘရိတ် (Disc Brake) အသုံးပြုပြီး နောက်ဘရိတ်ကို ဒရမ်ဘရိတ် (Drum Brake) အများဆုံးအသုံးပြုကြပါတယ်။ တချို့ကားတွေမှာတော့ ကားလေးဘီးလုံး ဒစ်ဘရိတ်စနစ်ကို အသုံးပြုတာလည်းရှိပါတယ်။ ဘရိတ်စနစ်မှာ ဘရိတ်ပတ် (Brake Pad) ၊ ဘရိတ်ရူး (Brake Shoe) နဲ့ ဘရိတ်ဆီတွေက သတ်မှတ်ကာလတခုမှာ ပုံမှန်လဲပေးရတာဖြစ်ပါတယ်။
ကားမောင်းနှင်နေရင်း ဘရိတ်ဖမ်းတဲ့အခါ ဘရိတ်လျောခြင်း၊ ဘရိတ်မှ အသံမြည်ခြင်း၊ ဘရိတ်နင်းစဉ် ကားတုန်ခါမှုဖြစ်ခြင်း၊ ကားဒိုင်ခွက်မှာ ဘရိတ်ချက်မီးလင်းခြင်း စတဲ့ ပြစ်ချက်တွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ ဘရိတ်စနစ်ကို ချက်ချင်း စစ်ဆေးပြုပြင်ဖို့ လိုအပ်နေပြီဘဲ ဖြစ်ပါတယ်။ တချို့ကားတွေမှာ ဘရိတ်ပတ်အထူ ပါးနေတဲ့အခါ အချက်ပြမီးနဲ့ ဖော်ပြပေးတဲ့စနစ်ပါရှိတဲ့အပြင် မော်ဒယ်မြင့်ကားတွေရဲ့ ဒိုင်ခွက်မှာ ဘရိတ်ပတ်အထူကို ရာခိုင်နှုန်းနဲ့လည်း ဖော်ပြပါတယ်။
ကားဘရိတ်ဆီတွေကို အကြမ်းဖျင်း မိုင် 30,000 (ကီလို 48,000) သို့မဟုတ် 2 နှစ်တကြိမ် ပုံမှန်လဲပေးသင့်ပါတယ်။ ဒစ်ဘရိတ်ရဲ့ ဘရိတ်ပတ် (Brake Pad) အထူကိုလည်း 2 ~ 3 မီလီဘဲကျန်တော့တယ်ဆိုရင် ချက်ချင်းလဲပေးသင့်ပါတယ်။ ဒရမ်ဘရိတ်ရဲ့ ဘရိတ်ရူး (Brake Shoe) အထူကိုလည်း 1 မီလီဘဲကျန်တော့တယ်ဆိုရင်တော့ ချက်ချင်းလဲပေးသင့်ပါတယ်။ ဒါကြောင့် ဘရိတ်စနစ်ကို ပုံမှန် ၆ လတကြိမ် စစ်ဆေးသင့်ပြီး ခရီးသွားများပါက ၃ လ တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။
ဘရိတ်ဖမ်းတဲ့အခါ ဘရိတ်ခြေနင်းပြား အရမ်းမာနေပြီဆိုရင်လည်း မာစတာပန့်လို့ခေါ်တဲ့ ဘရိတ်မာစတာဆလင်ဒါ (Master Cylinder) ကို စစ်ဆေးသင့်ပါတယ်။ တခါတလေ ဘရိတ်လျောတဲ့ ပြစ်ချက်တွေက ဘရိတ်မာစတာပန့်ကြောင့်လည်း ဖြစ်နိူင်ပါတယ်။ ဒါအပြင် ဘရိတ်ဆီလျော့တဲ့ ပြဿနာကြုံတွေ့ရပြီဆိုရင်လည်း ဘရိတ်ပစ်စတင်တွေက ဝှာရှာတွေမလုံတာလားဆိုတာကို သေချာစစ်ဆေးသင့်ပါတယ်။
တခါတလေမှာ ဒိုင်ခွက်မှာ ဘရိတ်ချက်မီးလင်းတဲ့အခါ ဘရိတ်စနစ်အကြီးစားစစ်ဆေးပြုပြင်မှုမဟုတ်ဘဲ၊ ဘရိတ်ဆီလျော့ခြင်း၊ ဘရိတ်မီးကျွံးခြင်း စတဲ့ပြစ်ချက်တွေလည်း ဖြစ်နိူင်ပါတယ်။ ဒါကြောင့် ဘရိတ်စနစ်ကို သတ်မှတ်ကာလအတိုင်း ပုံမှန်စစ်ဆေးပြုပြင်မှု ပြုလုပ်သင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။
#credit